International News

ဂျာမနီနိုင်ငံ နျူကလီးယားစွမ်းအင်စက်ရုံများ ဆက်လက်လည်ပတ်ရန် စီစဉ်ဆောင်ရွက်

Last Updated:

ဂျာမနီနိုင်ငံတွင် ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာထိခိုက်မှုများကို ကာကွယ်ရန် ယခုနှစ်ကုန်ပိုင်းတွင် လည်ပတ်မှုများရပ်နားရန် စီစဉ်ထားသည့် နျူကလီးယားစွမ်းအင်စက်ရုံ (၂) ခုအား ဆောင်းရာသီကာလ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် အရန်စွမ်းအင်အနေဖြင့် ထားရှိနိုင်ရန် အတွက် ဆက်လက်လည်ပတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ၅.၉.၂၀၂၂ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

Deputy Chancellor ဖြစ်သူ Mr. Robert Habeck က နျူကလီးယားစွမ်းအင်စက်ရုံ (၂) ခုအား ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ဆက်လက်လည်ပတ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လာမည့်နှစ်အတွင်း ဓါတ်အားလိုင်းများပေးဝေမှုပိုင်းတွင် အခက်အခဲများစွာမရှိနိုင်ကြောင်း၊ လက်ရှိနိုင်ငံအတွင်း စွမ်းအင်ရရှိပေးဝေနိုင်မှုဆိုင်ရာ လုံခြုံမှုအဆင့်အတန်းမြင့်မားပြီး ပါဝါဂရစ်လိုင်းများမှာလည်း တည်ငြိမ်ကောင်းမွန်သည့်အနေအထားတွင် ရှိနေ ကြောင်း ပြောကြားခဲ့ပါသည်။

ဂျာမနီနိုင်ငံတွင် Energy policy အရ နျူကလီးယားစွမ်းအင်အသုံးပြုမှု ရပ်နားမည့်အစီအစဉ်ကို ၂၀၁၁ ခုနှစ်ကတည်းကပင် ဆောင်ရွက်လာခဲ့ခြင်း ဖြစ်ပါသည်။ ယခု ဆက်လက်လည်ပတ်မည့် နျူကလီးယားစွမ်းအင်စက်ရုံ (၂) ခုသည် ဂျာမနီနိုင်ငံတောင်ပိုင်းရှိ စတုဂတ်ဒေသ၏ မြောက်ဘက်ရှိ  Bavaria's Isar 2 နှင့် Neckarwestheim 2 station တို့ဖြစ်ကြပါသည်။ အဆိုပါစက်ရုံ (၂) ခု ဆက်လက်လည်ပတ်ခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများ ရှိနေပြီး အစိုးရဘက်က အချိန်ကာလကြာရှည်စွာ လည်ပတ်သွားရန် အစီအစဉ်မရှိကြောင်း၊ ယခုလိုအပ်နေချိန်တွင် အသုံးပြုရန် စီစဉ်ခြင်းဖြစ် ကြောင်းထုတ်ပြန်ခဲ့ပါသည်။ လက်ရှိရုရှားနိုင်ငံ၏ Nord Stream 1 pipeline မှတစ်ဆင့် ရယူနေသော ဂက်စ်ဖြန့်ဝေနေမှုများကို ပိုက်လိုင်းအတွင်း ကိရိယာများလုပ်ဆောင်မှုပိုင်း ယိုယွင်းမှုများကြောင့် ရပ်ဆိုင်းထားပြီး ပြန်လည်စတင်နိုင်မည့်အချိန်ကို သေချာမပြောနိုင်ကြောင်း ရုရှားနိုင်ငံပိုင် Gazprom Company က ၂.၉.၂၀၂၂ ရက်နေ့က ပြောဆိုခဲ့သည်။

ဂျာမနီနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဩဂုတ်လတွင် (၈) ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး ဂျာမန်ဖက်ဒရယ်အစိုးရက ဈေးနှုန်းများမြင့်တက်မှုနှင့် စွမ်းအင်ကဏ္ဍအခက်အခဲများကို ဖြေရှင်းနိုင်ရန် relief package အနေဖြင့်ယူရို (၆၅) ဘီလီယံကိုခွင့်ပြုပေးရန် ၄.၉.၂၀၂၂ ရက်နေ့က သဘောတူခဲ့ သည်။ ရုရှားနိုင်ငံမှ လောင်စာစွမ်းအင် တင်သွင်းမှုကျဆင်းလာခြင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် နွေရာသီကာလအတွင်း မြစ်များတွင် ရေမှတ်များ နိမ့်ကျမှုဖြစ်ပေါ်ခြင်းတို့ကြောင့် လာမည့်ဆောင်းရာသီအတွက် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓါတ်အား နှင့် အပူပေးမှုစနစ်များအတွက် စွမ်းအင်လိုအပ်ချက်များရှိနေပြီး ဖက်ဒရယ်အစိုးရအနေဖြင့် စွမ်းအင်ရရှိနိုင်မည့် မိတ်ဖက်များ၊ အခြားအရင်းအမြစ် များကို ချိတ်ဆက်ဆောင်ရွက်လျှက် ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Sources:https://www.dw.com/en/germany-dispute-over-nuclear-reserve-deepens/a-63047247
https://www.dw.com/en/germanys-government-agrees-on-65-billion-relief-package-amid-soaring-energy-prices/a-63013937
https://www.dw.com/en/nord-stream-1-russias-gazprom-announces-indefinite-shutdown-of-pipeline/a-63006660

 

Category: International News